NEJ/ ၁၈ စက္တင္ဘာ ၂၀၀၈။         ။အစၥလမ္ဘာသာ၀င္မ်ား၏ (RAMADAN) ရာမာဒန်ဥပုသ်လတွင် ဆင်းရဲချို့တဲ့သူများကို ငွေနှင့်အ၀တ် အထည်များ လှူဒါန်းပွဲကို ယနေ့နေ့လယ်က မဲဆောက်မြို့တွင် ပြုလုပ်ရာ မြန်မာနိုင်ငံ မြ၀တီဘက်ခြမ်းမှ ဆင်းရဲချို့တဲ့သည့် အစ္စလမ်ဘာသာဝင် (၂,၀၀၀) ခန့် အလှူခံလာရောက်ခဲ့ကြသည်။

မြ၀တီမြို့မှမဲဆောက်မြို့သို့ (၁) ရက်တာခရီးသွားလက်မှတ်ဖြင့် လာရောက်ကြသည့် ဘာသာဝင်များအား တဦးလျှင်ဘတ်ငွေ (၁,၀၀၀)၊ မြန်မာငွေ(၃,၀၀၀)နှင့် အ၀တ်အထည်များကို လှူဒါန်းခဲ့ကြသည်။

မဲဆောက်မြို့မှအလှူရှင်တဦးဖြစ်သူ ဟာဂျီဆူလင်က “ဒီအလှူကို ကျနော်တို့ဆွေမျိုးသားချင်းတွေ နှစ်စဉ်ကျ ရောက်တဲ့ အစ္စလမ်ဘာသာဝင်တွေရဲ့ ရာမာဒန်ဥပုသ်လမှာ ဆင်းရဲချို့တဲ့သူတွေကို အလှူပေးလာတာ အခုဆိုရင် အနှစ် (၂၀) ရှိပါပြီ။ အဓိက မြန်မာပြည်ဘက်ကလာတဲ့ ချို့တဲ့သူ ဘာသာဝင်တွေကို ပေးတာပါ။ ကလေးငယ်တွေ နဲ့ လာတဲ့လူတွေကို ဘတ်ငွေ (၁,၀၀၀)၊ မြန်မာငွေ (၃,၀၀၀) နဲ့ အ၀တ်အထည်တွေ ပေးပါတယ်။ လူငယ်တွေနဲ့ ကလေးငယ်တွေကိုတော့ ဘတ်ငွေ (၅၀၀) နဲ့ မြန်မာငွေ (၃,၀၀၀) ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြ၀တီမြို့မှအလှူခံလာသည့် မျက်မမြင်သားသည်မိခင် မပါထမာက “ကျမယောက်ျားနဲ့ လာတယ်။ ကျမက ဘတ်ငွေ (၁,၀၀၀) နဲ့ မြန်မာငွေ (၃,၀၀၀) ရတယ်။ ယောက်ျားက ဘတ်ငွေ (၅၀၀) နဲ့မြန်မာငွေ(၃,၀၀၀)ရတယ်။ တကယ်ဆင်းရဲလို့ လာတာပါ။ ကလေးက (၂) လသားပဲရှိသေးတယ်။ ကျမတို့ဆီမှာ ဒီလိုမျိုးများများစားစား လှူတာမရှိဘူး။ အလှူပေးတဲ့ ဟာဂျီတွေကို ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

ယနေ့ အလှူတွင် ထိုင်းဘတ်ငွေ (၂၅) သိန်း မြန်မာငွေသိန်း (၁၀၀) ခန့်နှင့် အ၀တ်အထည်များလှူဒါန်းခဲ့သည်။

သင်္ကန်းညီနောင်မှလာသည့် ကိုမာမက်က “ကျနော်တို့မိသားစု (၅) ယောက်လာတယ်။ အကုန်ပိုက်ဆံရတယ်။ မြ၀တီတံတားထိပ်မှာ လက်မှတ်လုပ်ပြီး မဲဆောက်အလှူကိုလာတာ လာရကျိုးနပ်တယ်။ မိသားစု (၅) ယောက် ဘတ်ငွေ (၃,၀၀၀) နဲ့ မြန်မာငွေ (၁၅,၀၀၀) ရတယ်။ ကျနော်တို့ဆီမှာ နေ့စားလုပ်ရင် တနေ့ (၂,၀၀၀) ထက်ပိုမရဘူး။ မြန်မာပြည်က မွတ်စလင်တွေ ဒီအလှူကိုလာတာ လူ (၁,၀၀၀) ကျော်တယ်” ဟု ပြောသည်။

အလှူခံလာရောက်သူများ အခက်အခဲမရှိစေရန် အလှူရှင်များက မြို့နယ်အာဏာပိုင်များကို အလှူရက်အတွင်း အကူအညီပေးရန် ခွင့်ပြုချက်တောင်းခံထားသည်။

အစ္စလမ်ဘာသာဝင်များ၏ ယခုအလှူနှင့်ပတ်သက်၍ ဘာသာဝင်တဦးဖြစ်သူ ဦးဂျနီဘိုင်က “အစ္စလမ်ဘာသာဝင်တွေဟာ တနှစ်မှာ ရာမာဒန်လရောက်လျှင် ဥပုသ်စောင့်ရတယ်။ ငွေကြေးတတ်နိုင် သူတွေကတော့ ဒီလမှာ မရှိဆင်းရဲသားတွေကိုအလှူပေးကြတယ်။ ဒီလ မဟုတ်တဲ့ အခြားလတွေမှာလည်း လှူလို့ရပါတယ်။ အစ္စလမ်ဘာသာရေးမှာ ကိုယ့်ပိုင်ဆိုင်မှုအပေါ်မှာ (၁၀၀) ရှိရင် (၂) ကျပ်ခွဲနှုန်း အလှူပေးရပါ တယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တနှစ်လျှင်တကြိမ်နှုန်းဖြင့် မဲဆောက် တရုတ်ဘုံကျောင်းတွင် ဆင်းရဲချို့တဲ့သူများအား ဆန်လှူပွဲကျင်းပပြီး အစ္စလမ်ဘာသာဝင်များအတွက်မူ တနှစ်လျှင်တကြိမ်နှုန်းဖြင့် ရာမာဒန်ဥပုသ်လတွင် အလှူရှင်များက ငွေကြေးလှူဒါန်းကြသည်။